Thursday, January 9, 2025

** နှစ်သစ် နှင်းဆီ **




နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးခဲ့ပေါ့။ ကျွန်တော် နှင့် ရဲရင့်နှင်းဆီ နှစ်သစ်ကို တစ်ယောက်မျက်နှာ တစ်ယောက် V-Call ခေါ်ရင်းပဲ ဖြတ်သန်းခဲ့ကြတယ်။ ဖြတ်သန်းခဲ့တယ်ဆိုပေမယ့် ကျွန်တော့်အတွက် ထူးထူးခြားခြား အခိုက်အတန့်တွေ များစွာဖြစ်ခဲ့တဲ့ နယူးရီးယားညလို့ ပြောမယ်ဆိုလျှင်လည်းရတယ်။ နှစ်သစ်မှာ လုပ်ငန်းနဲ့ ပက်သက်ပြီး သတင်းကောင်းတွေ စောင့်ကြိုနေခဲ့သလို ကျွန်တော် ချစ်သော 'ငယ့်' ဆီကနေ ကျွန်တော် ကြားချင်တဲ့ စကားထက် ပိုတဲ့ စကားတွေ ကြားခဲ့ရပါတယ်။ 


'အဖိုးကြီး .. ကျွန်မ နဲ့ပက်သက်ပြီး အဖိုးကြီး ဘာဖြစ်စေချင်လည်း" လို့ နှစ်မကူးခင် အချိန်လေးမှာ ကျွန်တော့်ကို မေးခဲ့တယ်။ ရဲရင့်နှင်းဆီ ဒီလို မေးတာကို ကျွန်တော် ချစ်ပါတယ်။ 


'တစ်သက်လုံး .. ငယ့် အနားရှိချင်ပါတယ် .. ရှိပေးနိုင်မယ်မဟုတ်လား" လို့ ကျွန်တော် ပြန်ဖြေတဲ့အခါ တော်တော် အချိန်ကြာတဲ့အထိ ရဲရင့်နှင်းဆီ တွေဝေ လိုက်သေးတယ်။ 


'တစ်သက်လုံး ရှိပေးလို့ရပါတယ် .. အဖိုးကြီးပေါ်လည်း မူတည်သေးတယ် .." လို့ ကျွန်တော့် မျက်လုံးကို စိုက်ကြည့်ပြီး  ရဲရင့်နှင်းဆီက ဖြေးဖြေးလေး ဖြေတယ်လေ။ စကားလုံးတွေမှာ commitment ရှိရှိ သေချာတွေးပေးပြီး ဖြေပေးတယ်ဆိုတာ သံသယဝင်စရာကို မလိုပေ။ ခင်ဗျာတို့ကို .. ကျွန်တော်ရဲ့ ပါးစပ်ကနားရွက်တက်ချိတ် တဲ့ အပြုံးလေးကို မြင်အောင်ပြချင်မိတယ်ဗျာ။ ကျေနပ်တယ်ဆိုတာထက်ကို ပိုပါတယ်။ အသက်အရွယ်တစ်ခု ရောက်နေပြီဖြစ်တဲ့အတွက် ရင်မခုန်တတ်လောက်တော့ဘူးလို့ ထင်ခဲ့တဲ့ ကျွန်တော်က .. ရဲရင့်နှင်းဆီ နဲ့ ဆုံတဲ့အခါမှာလည်း ရင်တွေခုန်နေမိတာ မိမိကိုယ်ကို သတိထားနေရင်းနဲ့လည်း ရှက်မိပါသေးတယ်။ ရင်ခုန်ခြင်းဆိုတာကလည်း Special Moment ပဲလေ။ ဖန်တီးယူလို့ လုံး၀မရတဲ့ နှလုံးသားရဲ့ အဖြူစင်ဆုံး ထုတ်လုပ်မှု တစ်ခုပဲမဟုတ်လား။    


New Year Count Down ရေတွက်ပြီးဆုံး ပြီးသကာလ ၂၀၂၅ ကို ရောက်ရှိလာပြန်ပြီပေါ့။ ပုံမှန်ဖြတ်ကျော်နေကြ အချိန်တွေအတိုင်းပါပဲ ။ သို့ပေမယ့် ထူးခြားပါတယ်လေ .. နှစ်တစ်နှစ်ရဲ့ နောက်ပိတ်လေး ပြောင်းသွားခဲ့ချေပေါ့။ Count Down ကို တူတူရေတွက်ရင်း Happy New Year လို့ အော်ပြီးတဲ့နောက် ငယ့်ကို အနမ်းမိုးတွေ ရွာကျဲချလိုက်ပေါ့။ ဘာမှတော့ မဆိုင်ပေမယ့် ဖုန်းစခရင်တစ်ခုလုံး ကျွန်တော့်အနမ်းရာတွေတော့ စွန်းထင်းပေါ့။ ငယ့်ဆီကလည်း 'အဖိုးကြီး .. ဘယ်လိုဖြစ်နေလည်း'ဆိုတဲ့ ရှက်ရှက်နဲ့  ပြောနေတဲ့အသံကိုတော့ ကြားလိုက်ရပါတယ်။ ကြားတာက ကြားတာပဲ။ အသားချင်းမထိတွေ့ရပေမယ့်လည်း ရင်ခုန်သံတွေကတော့ ဒေဝေါကြီးလာသလိုပင်။ ကျွန်တော့်အနမ်းကြောင့် ငယ် ရင်ဖို ရတယ်ဆိုလျှင် ရင်ခုန်သံခြင်း ပူးပူးကပ်ကပ် တူတူရှိနေလို့ပဲဖြစ်ချေမည်ပေါ့။ 


'၂၀၂၅ ရဲ့ နှစ်သစ် အစမှာ ပထဆုံး အမှတ်တရ မှတ်စုလေးတစ်ခုတော့ ရချင်တယ် .. ငယ်' သူမ တစ်ချက်တွေဝေသွားပြီ  'ဘာရချင်လို့လည်း' လို့ ပြန်မေးတယ်။


 'ချစ်တယ်လို့ မပြောလည်းရပါတယ်ငယ် .. အခြား .. ကို အမှတ်ရစေမယ့် စကားမျိုးဆိုလည်း အဆင်ပြေပါတယ်' ကျွန်တော့်ရဲ့ စကားအဆုံးမှာ စဉ်းစားသလိုနဲ့ ကြည့်နေသော ငယ် .. ချစ်စရာအလွန်ကောင်းလိုက်ပါဘိ။ နထင်းစလေးမှာ ဝဲကျနေတဲ့ ဆံနွယ်ခွေခွေလေးတွေကို ကြည့်ရင်း ရန်ခုန်ရပြန်ပါတယ်။ 


'အဲ့ဒါဆို ပြောကြည့်လိုက်လေ .. ကျွန်မ ဆုတောင်းပြည့်အောင် ဆုတောင်းပေးမယ်' ခပ်ဖွဖွရယ်သံနှင့်အတူ ကျွန်တော် မေးတာကို တစ်လုံးခြင်း ပြန်ဖြေနေသည့် ရဲရင့်နှင်းဆီပါလေ။ 


'ဒါဆို .. ကိုက .. ငယ် နဲ့လက်ထပ်ချင်ပါတယ် .. ဆုတောင်းပြည့်မယ်မဟုတ်လား' ကျွန်တော်၏ ပြောစကားကြောင့် ရုတ်တရက် ရဲရင့်နှင်းဆီကြောင်သွားပါသည်။ ရဲရင့်နှင်းဆီပုံစံက လုံး၀ ကိုအကြပ်ရိုက်သွားသည့်ပုံ ။ ကျွန်တော့်ကို 'ရမယ် အားကြီးကြီး' လို့ အတွန့်တက်ကြည့်ပါသေးတယ်။ 'ဆုတောင်းပြည့်အောင် တကယ်ဆုတောင်းပေးမယ်' ဆိုတဲ့စကားက ကတိဖြစ်သွားပြီလေ .. ဆုတောင်းပေးရမှာမဟုတ်ဘူးလား' လို့ ကျန်တော် ပြန်မေးတော့ 'အိုကေပါ' တဲ့။ 


'ကဲ .. ဒါဆို ဆုတောင်းပေးချေတော့' ရဲရင့်နှင်းဆီ တည်တည်ငြိမ်ငြိမ်လေးနဲ့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်ပါသည်။ 


'အဖိုးကြီး ကျွန်မ နဲ့ လက်ထပ်ရပါစေလို့ စိတ်ထဲကပါ လေးလေးနက်နက် ဆုတောင်းပေးပါတယ်နော်' ငယ် ရဲ့ ဆုတောင်းသံ အဆုံးမှာ ကျွန်တော် တော်တော်ပျော်ပါတယ်။ ငယ့်ဆီက ချစ်တယ်ဆိုတဲ့ စကားသံကို ကြားရဖို့ထက် ခုလို ငယ့်ဆီက လက်ထပ်ရပါစေဆိုတဲ့ ဆုတောင်းသံလောက် ပျော်ရွင်စရာ ဘယ်ကမ္ဘာမှာ ရှာလို့တွေ့လို့ရနိုင်ပါမလည်းလေ။ 


ကျွန်တော် နှင့် ငယ် သူမနေရပ်တိုင်းပြည် မပြန်ခင်အချိန်ထိ နေ့တိုင်းနီးပါး တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ နှစ်ယောက်တည်းလည်းတွေ့ဆုံခဲ့သလို ၊ သူငယ်ချင်းအချို့နဲ့လည်း ဆုံဖြစ်ကြတယ်။ ချစ်တယ်လို့ ငယ့်ဆီက အဖြေမရခဲ့ပေမယ့် အမြဲတစ်ယောက်လက်ကို တစ်ယောက်မြဲမြဲ ကိုင်ထားကြတယ်။ မချစ်ဘူးလို့ စကားခဏခဏ ဆိုတဲ့အခါ အနမ်းလေးတွေ ဖလှယ်ကြတယ်။ ကျွန်တော်နှင့် ငယ်က 'ချစ်တယ်လို့' မပြောကြတဲ့ ချစ်သူတွေသာ ဖြစ်လာကြတော့တယ်။ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးတွေက တစ်ဆင့်ချစ်တယ်ဆိုတဲ့စကားကို ပြောကြတယ်။ ငယ့်လက်မောင်း သေးသေးသွယ်သွယ်လေးကို ကိုင်ထားတဲ့ ကျွန်တော့်လက်တွေကလည်း ချစ်စကားဆိုတယ်။ ရင်ခုန်သံခြင်းနီးစပ်အောင် ရင်ခြင်းအပ်ထားတဲ့ ကျွန်တော် နှင့် ငယ် ရဲ့ နှလုံးသားတွေကလည်း ချစ်တယ်တဲ့။ နှုတ်ခမ်းခြင်း အနမ်းဆုံတဲ့အခါ နှုတ်ခမ်းတွေကလည်း ဘာသာစကား အသစ်မလိုပဲ ချစ်ကြတယ်တဲ့။ ငယ့် ခါးက အဆီခေါက်သေးသေးလေးကလည်း ချစ်တယ်ပြောပါသေးတယ်။ ငယ့် ဆံနွယ် ၊ ငယ့် နားရွက်ကြီးကြီးလေးကအစ ကျွန်တော် နှင့် ငယ် ထိတွေ့မှုအရာအားလုံးက ချစ်စကားဆိုကြတယ်လေ။ 


ဒီလိုနည်းနဲ့ ငယ် နဲ့ ကျွန်တော် နှစ်သစ်က စလို့ .. ချစ်တယ်လို့ မပြောတဲ့ အရမ်းချစ်ကြတဲ့ သူတွေ ဖြစ်သွားကြသည်ပေါ့။



တစ်ချိန်ကကျွန်တော် 

No comments: