နောက်ဆုံးတော့ ကျွန်တော် ကြားချင်တဲ့ ရဲရင့်နှင်းဆီ ဆီက 'ချစ်တယ်' ဆိုတဲ့ စကားကို ပီပီသသ ကြားခဲ့ပါပြီ။ ကျွန်တော်အနေဖြင့် မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့အတွက် တော်တော်လေးကို ကြက်သေသေပြီး အံ့ဩမှင်သက်မိပါတယ်။ ကျွန်တော် 'ချစ်လား'လို့ မေးတဲ့အခါမှ အသံတည်တည်ကြည်ကြည် နဲံ 'ချစ် .. တယ်' လို့ပြန်ဖြေသော ရဲရင့်နှင်းဆီပါလေ။ ရဲရင့်နှင်းဆီထံမှ ချစ်တယ်လို့ ၆ ကြိမ်လောက်ကြားဖူးပါတယ်။ သို့ပေမယ့် ယခုကဲ့သို့ ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ဖြေဆိုသည့် ပုံစံမျိုးမဟုတ်ခဲ့ပါ။ ကျွန်တော့်ကို ရဲရင့်နှင်းဆီ ချစ်တယ်လို့ ပြောလိုက်သည့်အတွက် တော်တော်လေးကို ပျော်ပါတယ်။ ပျော်ရွင်ခြင်းကို တိုင်းတာပြပါဆိုလျှင် ထိုတိုင်းတာမှုလုပ်ငန်းစဉ်သည် ဘယ်တော့မှပြီးဆုံးသွားနိုင်မည်မထင်ပါ။ ထို့ကြောင့် ပျော်ရွင်ခြင်းသည် တီထွင်မှုမဟုတ်ကြောင်းကို ပိုသေချာစေပါတယ်။ ဒါပေမယ့် ကျွန်တော်၏ ပျော်ရွင်ခြင်းသည် ၂၄ နာရီတောင် ပြည့်အောင် ခံပါ့မလား ကျွန်တော် မသိပါ။ ခါတိုင်း ချစ်တယ်ပြောပြီး နောက်တစ်ရက်အကူးမှာ မဟုတ်ပါဘူးအမြဲ ငြင်းတတ်သည်က ရဲရင့်နှင်းဆီပဲလေ။
ကျွန်တော် တွေးထားသကဲသို့ပင် .. နောက်တစ်ရက်မှာ 'အိပ်ငိုက်နေလို့ သေချာဘာပြောခဲ့မှန်းမသိဘူး'လို့ ရဲရင့်နှင်းဆီက ငြင်းသည်လေ။ ကျွန်တော်၏ ရဲရင့်နှင်းဆီသည် ထိုကဲသို့ပင် အမြင်ကပ်စရာလည်းကောင်းပါတယ်။ 'အဖိုးကြီးကို ဘာလို့ ချစ်တယ်လို့ ပြောရမှာလည်း .. ခုက observation ကာလ' လို့ ပြန်ပြောတတ်သေးတယ်။ ကျွန်တော့်လို observation ကာလ မှာ ကျဆုံးခဲ့သော ရဲဘော်များ ဘယ်နှစ်ယောက်တောင်များ ရှိနေပြီလည်း ရဲရင့်နှင်းဆီ။ ကျွန်မ လေ့လာဖူးတဲ့သူတွေထဲမှာတော့ လက်ရှိချစ်သူက လွဲပြီး အဖိုးကြီးကို အရေးအပေးဆုံးပဲဆိုတဲ့စကားနဲ့တင် ကျေနပ်နေရတဲ့ ဘ၀ကြီးပါပဲလေ။ ခက်သာက တစ်ဖက်သက်ချစ်ခြင်းလို့ ဆိုရအောင်လည်း ရဲရင့်နှင်းဆီ ကျွန်တော့်ကို ချစ်တာ ခံစားမိပါတယ်။ ကျွန်တော်လည်း ရဲရင့်နှင်းဆီကို လွန်စွာမှ ချစ်တာပေါ့။ ထပ်ခါထပ်ခါပြောခဲ့သလို ရဲရင့်နှင်းဆီ နဲ့ ကျွန်တော်က ချစ်တယ်ဆိုတဲ့ စကာလေးတစ်ခွန်းသာ ခြားပါတယ်။ ဒါပေမယ့် ရဲရင့်နှင်းဆီက ကျွန်တော့်ကို တရားဝင်တွဲချင်စိတ် ရှိမနေခြင်းကိုလည်း မြင်ရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရပါတယ်။ လက်ရှိချစ်တဲ့သူနဲ့ အခန့်မသင့်လို့ လမ်းခွဲဖြစ်ခဲ့ရင်တောင် အဖိုးကြီးနဲ့ တွဲချင်မှတွဲမှာ လို့အမြဲ ပြောတတ်သူပါ။ ကျွန်တော့် နှလုံးသားတွေ နာကျင်ခံစားငိုကြွေး ရယုံကလွဲလို့ ဘာမျှတတ်နိုင်တာ ရှိဦးမှာလည်း။ နာနာကျင်ကျင်နဲ့ မျှော်လင့်ချက်မထားပဲ သူမအနားမှာ အချိန်အတိုင်းအတာတစ်ခုထိ တူတူရှိပေးနိုင်သလောက်ရှိပေးမယ်လို့ ဆုံးဖြတ်ရင်း ကျွန်တော့်အချစ်တွေကို အဖြူစင်ဆုံး ထားနိုင်ဖို့ပဲ ကျွန်တော် ကြိုးစားရတော့မည်ပေါ့။ အချစ်ရေးမှာ ဘယ်တော့မှ ကံမကောင်းခဲ့တဲ့ ကျွန်တော် .. ရဲရင့်နှင်းဆီ နဲ့တွေ့မှ ကံကောင်းပြီလို့ မျှော်လင့်ထားခဲ့ခြင်းက မိမိကံတရားအပေါ် ယုံကြည်မှုလွန်ကဲမိတဲ့ မိမိကိုယ်ကိုပဲ အပြစ်တင်ရမယ်လေ။ ဘာမဆို ဦးနှောက်နဲ့သာ ဆုံးဖြတ်တတ်တဲ့ ရဲရင့်နှင်းဆီအတွက် ကျွန်တော်က အရည်အသွေးမမှီတဲ့ ခပ်ညံညံကောင်တစ်ယောက်ပဲ ဖြစ်မှာပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခပ်ညံညံတွေးခေါ်တတ်တဲ့သူတွေ အတွက်သာ ခမ်းနားကြီးကျယ်တာပဲမဟုတ်လား။ ရဲရင့်နှင်းဆီအတွက် ချစ်ခြင်းမေတ္တာဆိုတာ ခဏသာ ရယ်သွမ်းသွေးနိုင်တဲ့ ပြတ်လုံးတစ်ခုသာဖြစ်မှာပါ။ ဒါကို သိလျက်နဲ့ ဆက်ချစ်နေမိခဲ့တဲ့ ကျွန်တော်ကသာ အကောင်းဆုံးပြတ်လုံးတွေထုတ်ပေးခဲ့တဲ့ ရဲရင့်နှင်းဆီ ရဲ့ လူရွင်တော် တစ်ယောက်ပေါ့ဗျာ။ ဒုတိယလူအဖြစ်နဲ့ သိမ်ငယ်နေရတဲ့ နှလုံးသားကိုချနှင်းပြီး ရဲရင့်နှင်းဆီအတွက် အပြောင်မြောက်ဆုံး ပြတ်လုံးတွေကိုပဲ ဖန်တီးပေးမှာပါ။ လူရွင်တော်တစ်ယောက်ရဲ့ ဗီလိန်ခန်းက အကယ်ဒမီတော့ ရသင့်တယ်မလား ရဲရင့်နှင်းဆီ။
ရဲရင့်နှင်းဆီ သိပါရဲ့လား ။ ကျွန်တော် ရဲရင့်နှင်းဆီကို ချစ်တာ ဓါးတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်တာထက် ပိုပင်ပန်းကြိုးစားရပါတယ်။ ကိုယ် ချစ်တဲ့ ရဲရင့်နှင်းဆီ နား မြန်မြန်ကပ်နိုင်ဖို့ အဖက်ဖက်က ကြိုးစားနေရခြင်းက ယောကျ်ားတစ်ယောက်ရဲ့ ချစ်ခြင်းအစစ်လို့ မှတ်ယူထားစေချင်ပါတယ်။ လိင်စိတ်တစ်ခုတည်းအတွက်မဟုတ်ပဲ ပိုင်ဆိုင်ချင်စိတ်၊ ချစ်စိတ်၊ အတ္တစိတ်တွေနဲ့ ရဲရင့်နှင်းဆီကို အရမ်းချစ်ပါတယ်။ 'ဘယ်သူက ကြိုးစားခိုင်းနေလို့လဲ' လို့ ရံဖန်ရံခါ ရဲရင့်နှင်းဆီ ပြောတဲ့အခါ ပြေးလာနေတဲ့ ခြေလှမ်းတွေ တွန့်ဆုတ်သွားခဲ့တာတော့အမှန်ပါ ရဲရင့်နှင်းဆီ။ ကျွန်တော့်ကို ပြန်ချစ်ပါမယ်လို့ ရဲရင့်နှင်းဆီ ကတိမပေးထားသလို၊ ကျွန်တော်နဲ့ လက်တွဲပါမယ်လို့လည်း ကတိကဝတ်မပြုထားပါ။ သေတဲ့အထိ မချစ်ဘူးပြောပြီး နှိပ်စက်မယ်ဆိုတဲ့ စကားလေးတစ်ခွန်း တည်ပေးရင်ရပါပြီ ရဲရင့်နှင်းဆီ။ ရဲရင့်နှင်းဆီရဲ့ မျက်မှန်ကိုင်းအောင်က မျက်ဝန်းညိုညိုလေးအောက်မှာပဲ ကျွန်တော် ကျဆုံးပရစေ။ ရဲရင့်နှင်းဆီရဲ့ နှုတ်ခမ်းစူစူလေးရဲ့ အနမ်းတစ်ပွင့်မှာပဲ ကျွန်တော် လဲလှောင်းပါရစေ။
မိုးဦးကျရင် မိုးရေထဲတူတူလမ်းလျှောက်ရင်း ချမ်းလို့တုန်ရင်နေတဲ့ နှင်းဆီပွင့်ဖက်နှစ်လွှာလေးကို နမ်းပြီး ကျွန်တော် ပျောက်ကွယ်သွားချင်ပါတယ်။ ကျွန်တော် ရဲရင့်နှင်းဆီကို အရမ်းချစ်ပါတယ်။
အရာရာကို ရဲရင့်နှင်းဆီက ဦးနှောက်နဲ့ပဲ ဆုံးဖြတ် စဉ်းစားတတ်သူမို့ ဘ၀ မှာ တစ်ကြိမ်တစ်ခါလောက်ပဲ မေတ္တာရေးမှာ နှလုံးသားကို ဦးစားပေး ရွေးချယ်ကြည့်စေလိုပါတယ်။ လူဖြစ်တဲ့အချိန်မှာ လူဖြစ်ရကြိုးတန်အောင်နေလို့ ကျွန်တော့်ပြောနေကြ စကားတွေကို နှလုံးသွင်းထားပေးပါ။ လူဖြစ်ရတန်ခြင်း လူပီသရခြင်းမှာ နှလုံးသားနဲ့ ရွေးချယ်ခြင်းအမှုတွေလည်းပါတယ် ရဲရင့်နှင်းဆီ။ ဘ၀မှာ တစ်ကြိမ်လောက်ပဲ နှလုံးသားရဲ့ စကားသံကို နားထောင်ကြည့်စမ်းပါကွာ။ နှလုံးသားက ချစ်ပြီး မိမိဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ထပ်တူကျတဲ့အခါ ကမ္ဘာပေါ်မှာ လူဖြစ်ရအတန်ဆုံးစာရင်းထဲမှာ ရဲရင့်နှင်းဆီလည်း တစ်ယောက်အပါအဝင်ဖြစ်မှာ မလွဲဧကန်ပဲပေါ့။ ကျွန်တော့်ကို လွှတ်မချတဲ့ ကံတရားတစ်ခု နဲ့တင် ရဲရင့်နှင်းဆီကို ကျွန်တော် သိပ်ချစ်တယ်။ ရဲရင့်နှင်းဆီ ဝတ်နေကျ ဟူဒီစိမ်းစိမ်းလေးကို ဝတ်ပြီး ကျွန်တော့်ကို ပွေ့ဖက်ကြိုစေချင်တယ်။ ရဲရင့်နှင်းဆီရဲ့ ခါးသေးသေးလေးကို ဖက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို ခပ်ဖွဖွလေးနမ်းပြီး ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ ရဲ့ နေ့ရက်တွေ ဖြတ်သန်းခွင့်ရချင်ပါပြီ။ ယခုတော့ ကျွန်တော်လည်း ရဲရင့်နှင်းဆီ ဆီသို့ ဆက်လျှောက်လာဆဲပေါ့။
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment