ဖူးစားရေးနတ်ဆိုသူမှာ တယ်လီဖုန်း တ်ီထွင်ခဲ့သည့် ဂရေဟမ်ဘဲလ် လို့ ကျွန်တော်က ဆိုညွှန်းချင်သည်။ သို့သော် ညီမလေး နှင့် ကျွန်တော်သည် SMS မှားယွင်းပေးပို့မှုမှ တစ်ဆင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဒါကြောင့် SMS ကိုရှေးရေစက် လို့ ကျွန်တော် မှတ်ယူလိုက်ပါမည်။ ထိုနောက် SMS ကိုဖန်တီးခဲ့သူ Friedhelm Hillebrand and Bernard Ghillebaert တို့ နှစ်ယောက်ကိုလည်း ကျွန်တော်အခုချိန်ခါမှ စိတ်မှာထား၍ ရှီခိုးကန်တော့လိုက်မိသည် ထင်သည်။
တကယ်တော့ တွေ့ဆုံမှု နှင့် တိုက်ဆိုင်မှု သည်ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော်လည်း လူတွေဂရုမမူမိသည့် အလွန်အံသြစရာ ဖြစ်ရပ်ဆန်းတွေကို သယ်ဆောင်လာတတ်ကြသည်။ ထိုကြောင့် ကျွန်တော် နှင့် သူမ တိုက်ဆိုင်မှုကြောင့် တွေ့ဆုံမှုသည် ကျွန်တော်၏ ကမ္ဘာကျဉ်းကျဉ်းတွင် အမြဲလိုအပ်နေသည့် ချစ်ခြင်းတစ်ချို့ကို လှုပ်နိုးသွားစေခဲ့သည်။ သို့သော် ဒါကို ပြည့်၀ ချစ်ခြင်းလို့ မမှတ်ယူပါ။ ချစ်ခြင်းတွေ၏ အစသည် ပျော်ရွင်မှုတွေနဲ့သာပြည့်နှက်နေတတ်ပေသည်။ သို့ပေမယ့်လည်း ထိုချစ်ခြင်းဆိုသော စကားလုံးသည်လည်း ဘယ်တော့မှ သိမ်ကောမသွားတဲ့ ဇာတ်ညွန်းများ၏ အောက်တွင် ရှိသည်။ သူမသည် ထိုဇာတ်ညွန်းများကို ကိုယ်တိုင်ရေး၍ ဖန်တီးတတ်သော ခပ်နောက်နောက် သူလေးလည်းဖြစ်သည်။
သူမသည် ကျွန်တော့်အား 'ကိုကြီး' ဟုသုံးနှုန်းပါသည်။ ကျွန်တော်သည်လည်း သူမအား 'ညီမလေး' ဟုပြန်လည်သုံးနှုန်းပါသည်။ ကျွန်တော်၏ ညီမလေးသည် အချစ်ဇတ်ညွှန်းများအား အင်မတန်အရေးကောင်းသည့် ညီမလေး ဖြစ်သလို၊ အငြင်းအခုံသန်ပြီး ဇွတ်တရွှတ်လုပ်တတ်သည့် စိတ်လေးလည်းရှိသည်။ ထိုစိတ်လေးကိုပင် ကျွန်တော်က စွဲလန်းမိသလား၊ ဒါမှမဟုတ် “ကိုကို စိတ်ပုတ်” ဟုတ်သုံးနှုန်းတတ်သည့် သူမ၏ အသံ လွင်လွင်လေးကိုပဲ ချစ်မိသလား ကျွန်တော်သေချာမသိပါ။
အချစ်စစ် တွင် အကြောင်းပြချက်မရှိပါ။ ထိုသို့ဆိုရာတွင် မုန်းခြင်းသည်လည်း အကြောင်းပြချက်ရှိစရာမလိုပေ။ ရွေးချယ်မှုတိုင်း ကို အကြောင်းပြချက်ကြောင့် ရွေးချယ်မည်ဆိုရင် ဒါသည် ပြီးပြည့်စုံသည့် ရွေးချယ်မှုမျိုးမဟုတ်ပေ။ ဥပမာ: I choose you because I choose you ဆိုသည့်သဘောပင်။ ဒါကြောင့် သူမကို စွဲလန်းမှုမိသည်ဆိုလျင်ပင် ထိုစွဲလန်းမှုသည် ဘာကြောင့်ဆိုသည့် ခေါင်းစဉ်အောက်တွင် မရှိပါ။ ကျွန်တော်သူမကို ချစ်သောကြောင့် (သို့) စွဲလန်းသောကြောင့်၊ ချစ်သည် စွဲလန်းမိသည်ဟု အရိုးသားဆုံးဝန်ခံပါသည်။
ညီမလေးကို ကျွန်တော် ချစ်သည်။ ထိုချစ်သည့်အကြောင်းကိုလည်း ကျွန်တော် အဓိပ္ပာယ်ဖွဲ့နွဲ့ဖို့ ကျွန်တော် မစဉ်းစားပါ။ လူတို့သည် တစ်ခုခုခံစားရတိုင်း၊ တစ်ခုခု ဖြစ်တိုင်း ခံစားချက်ပေါ်လိုက်၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အဓိပ္ပာယ်ဖွင့်ဆိုတိုင်း ဇာတ်လမ်းတွေ ကိုယ်တိုင် ဖန်တီးလာကြသည်။ ထိုဇာတ်လမ်းသည် သူတို့အတွက် ပျော်ရွင်စရာ၊ ဝမ်းနည်းစရာ အသွင်အမျိုးမျိုးကို ဖန်တီးပေးသည်။ သို့ပေမယ့် ကျွန်တော်သည် ညီမလေး နှင့် ပက်သက်လာလျှင် အချစ်ကိုပင် အဓိပ္ပာယ်ဖွင့်ဖို့ မေ့လျှော့နေခဲ့ပြီ။ ချစ်ခြင်းကို ခံစားဖို့လည်း မေ့လျှော့နေခဲ့ပြီ။ ကျွန်တော် ညီမလေးကို ချစ်သည် ၊ ထို့ကြောင့် ချစ်သည်လို့သာ ကျွန်တော်သိသည်။ ထိုနေ့ညက ကြယ်တစ်စင်း ကြွေခသွားသည်။ အနည်းငယ်ပူလောင်သော အခန်းတွင်းဝယ် ကြယ်ကြွေသလို လွမ်းတဲ့စိတ် တွေ ဖြာဆင်းသွားသည်ကိုတော့ ကျွန်တော် သိလိုက်ပါသည်။ နေမြင့်လေ အရူးရင့်လေတဲ့။ ကျွန်တော့်အတွက်ကတော့ လမင်းကြီးသာမှ ရူးရမည့်ဘဝပါလေ။ သို့ပေမယ့် ထိုနေ့ညက လမင်းကြီးလည်းမသာပါ၊ အရာရာအားလုံးသည် ဆက်သွယ်မှုဧရိယာပြင်၌ သာရှိလေသည်။
“ ကိုကြီး … ချစ်သူ နှင့် ရည်းစား ဘာကွာလည်း … လို့” ညီမလေး ကျွန်တော့် ကိုမေးလာပါသည်။ သူမ၏ မေးခွန်းကို ကျွန်တော် မဖြေခင် ညီမလေး၏ စကားပြောပုံတစ်ချို့ကို ကျွန်တော်ပြောပြချင်သည်။ သူမသည် အချို့သော စကားလုံးတွေ၏ အဆုံးတွင် “လို့” ဆိုပြီး အသံကို မနှိမ့်၊ အသံကိုမြင့်ပြီး ပြောတတ်သည်။ ဒီလိုပြောဆိုပုံလေးက ညီမလေး၏ သင်္ကေတတစ်ခုပင်။ ထိုသင်္ကေသည် ကျွန်တော်၏အပြုံးကို မကြာခဏဆိုသလို တန်ဆာဆင်ပေးသည်။
“ ချစ်သူ နှင့် ရည်းစား ဆိုသာ အတူတူပါပဲ ညီမလေး ရဲ့” ကျွန်တော် လေးလေးနက်နက်ကြီး ပြောလိုက်ချင်းပင်။ ညီမလေးသည် ကျွန်တော့်အဖြေကို သိပ်ဘဝင်မကျလှပါ။
“ ဟင် ကိုကြီးကလည်း … ချစ်သူဆိုတာ ခိုင်မြဲတယ် … ရည်းစား ဆိုတာ အပျော်မဟုတ်ဘူးလား … လို့” သူမ သိထားသော အကြောင်းအရာအပေါ် အခြေခံ၍ ကျွန်တော့်အား တိကျသည့် အဖြေတစ်ခုထွက် အောင် တွန်းပို့ ပေးလိုက်ခြင်းပင်။ ကျွန်တော် ပြုံးလိုက်ပါသည်။ “ ညီမလေးရယ် … ခိုင်မြဲတယ် … မခိုင်မြဲဘူးဆိုတာက အချိန်ကသာ ဆုံးဖြတ်သာပါ … ဒါကြောင့် ချစ်သူလား ရည်းစားလားဆိုတာ ကိုလည်း အချိန်ကသာ အဆုံးအဖြတ်ပေးတယ် ညီမလေးရဲ့”
“နောက်ပြီး … ချစ်သူဘ၀ (သို့) ရည်းစားဘ၀ ရဲ့ အစတိုင်းဟာ ပျော်ရွင်ကြတာကြီးပဲလေ … ဒါကြောင့် ကိုကြီးပြောတာပေါ့ ချစ်သူ နှင့် ရည်းစားဆိုတာ အတူတူပါပဲလို့ … ချစ်သူဆိုတဲ့ စကားလုံးဟာ ပိုပြီး လေးနက်သယောင် ရှိပေမယ့် … တကယ့်လက်တွေ့မှာ ပထမဆုံး ထွက်လာမယ့် ရလဒ်ကတော့ ရည်းစား ဆိုတဲ့စကားလုံးနဲ့ အဓိပ္ပာယ်တူတူပါပဲကွယ် … ချစ်သူအစစ်လား၊ အတုလားဆိုတာက ပထဆုံးတွေ့ကြုံရမယ့် ဂရုစိုက်မှု၊ ကြင်နာမှု စသည့် ချစ်တဲ့သူတွေရဲ့ အပြုအမူတွေ၊ ဒါတွေကို ကြည့်ပြီး သူဟာ ငါ့ရဲ့ ချစ်သူအစစ် ဆိုပြီး ဆုံးဖြတ်လိုက်လို့မရပါဘူး။ ဂရုစိုက်မှု၊ ကြင်နာမှုတွေဟာ အချိန်အတိုင်းသာတစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ အားလုံးဟာ ပြောင်းလဲသွားတတ်ကြတယ်။ ဒါကြောင့် ညီမလေး ချစ်သူကိုရှာချင်ရင် စိတ်ရှည်ဖို့လိုသလို၊ အချိန်လေးလည်းလိုလိမ့်မယ်” ညီမလေး ခဏတာငြိမ်သွားသည်လို့ထင်သည်။ ကျွန်တော်လက်ခံထားသည့် ချစ်သူ၊ ရည်းစား ဆိုသည့် စကားလုံးအပေါ် သူမ လက်ခံ နိုင်သည် လက်မခံနိုင်သည် ဆိုခြင်းကို ဆုံးဖြတ်နေခြင်းဖြစ်မည်။
တကယ်တော့ လူ့ဘ၀ကြီးဟာ အင်မတန်မှ တိုးတောင်းလှပါတယ်ဗျာ။ ဒီလိုတိုတောင်း လှတဲ့ဘဝမှာ လူတွေက ဘဝကို ဇာတ်လမ်းတွေ၊ ဇာတ်ညွန်းတွေ ကိုယ်တိုင်ဖန်တီးနေကြပြီး ဒီလိုဇာတ်ညွန်းတွေ၊ ဇာတ်လမ်းတွေထဲမှာ အမုန်းတရားတွေ၊ နာကျည်းမှုတွေ၊ အချစ်ဇာတ်လမ်းတွေ နဲ့ ပျော်ရွင်မှုအကြောင်းတ၇ားတွေလည်း ရောပြွန်ပါဝင်နေကြသည်လေ။ တကယ်တော့ လူတွေ အသက်ကြီးလာရင် အိန္ဒြေရလာကြတယ်လို့ ပြောကြတယ်ဗျ။ အမှန် အသက်ကြီးလို့ အိန္ဒြေ ရလာကြတာမဟုတ်ဘူး ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေဖန်တီးတဲ့ အကြောင်း၇ာတွေ များများလာလို့ လူတွေက အသက်ကြီးလာရင် ငြိမ်သွားကြတာပါ။ ဒါတွေကို ဖန်တီးတဲ့လူကိုယ်တိုင်ကလည်း သေချာမသိကြပါဘူး။
တကယ်တော့ ကျွန်တော် ရဲ့ ညီမလေးသည် အင်မတန် ဇာတ်ညွှန်းရေးကောင်းသော်လည်း သူမတွင် သေချာသော ဇာတ်လမ်းတွေ မရှိပါ။ အတိတ်တွေ မရှိပါ။ အနာဂတ်တွေလည်းမရှိပါ၊ လက်ရှိအခြေအနေတွင် ဇာတ်ညွှန်များသာ ဆက်လက် ဖန်တီးချင်နေသော ပျော်ပျော်ရွင်ရွင် ကောင်မလေးတစ်ယောက်ပင်။ ထို့ကြောင့် ညီမလေးအတွက် ကျွန်တော်က ဇာတ်ညွှန်းကောင်းကောင်း တစ်ခု မဟုတ်သလို။ ကျွန်တော့်အတွက် ညီမလေးသည်လည်း ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပေ။ ကျွန်တော်တို့ နှစ်ယောက် ရင်ဘက်ခြင်းတူသော၊ အသက်ရှုခြင်းလည်းတူသော ခပ်မိုက်မိုက် လူဆိုး နှစ်ယောက်သာဖြစ်တော့သည်။
#တစ်ချိန်ကကျွန်တော်

1 comment:
I agree with this passage. :)
Post a Comment