ကျွန်တော်သည်အရက်ကြိုက်တတ်သူမဟုတ်ပါ။ ဒါပေမယ့် တစ်ခါတစ်လေတော့ သူငယ်ချင်းတွေ စုံလျှင်တော့ အရက်မဟုတ် ဘီယာတော့ သောက်ဖြစ်ပါသည်။ အရက်မသောက်ဖြစ်ခြင်းမှာလည်း အရက်၏ ဆိုးကျိုးတွေ အရက်၏ မကောင်းမှုတွေ ကိုသိနေခြင်းကြောင့်လည်းဖြစ်သည်။ အမှန်ပြောရရင် အရက်သမားတွေကို ကျွန်တော် တော်တော် မုန်းပါသည်။ ကျွန်တော်မကြိုက်သည့်အရက် ကျွန်တော်မုန်းသည့် အရက်ကို အခုတလောအတွင်း နေ့တိုင်းနီးပါးလို သောက်ဖြစ်နေသည်။ ကျွန်တော်အရက် မသောက်ဖြစ်ဖို့စိတ်ကို တင်းထားသော်ငြားလည်း ရုံးချိန် နောက်ပိုင်းတွင် ကျွန်တော့်စိတ်တွေ အလိုလို အရက်သောက်ချင်စိတ်တွေ ဖြစ်ဖြစ်လာသည်။ အရက်သောက်နေရသည့်အချိန်ကလေးကို ဘာမှန်းမသိ ကျွန်တော်မြတ်နိုးလာသည်။ အရက်သည်ကျွန်တော်၏ နာကြည်းမုန်းတီးစရာအတွေးများ ၊ စိတ်ညစ်စရာအတွေးများ နှင့် အထီးကျန်မှုတွေ ကိုတိုက်စားကုသပေးနေသလိုပင်။ အရက်သောက်နေရသည်ကိုပင် ကျွန်တော့်အတွက် စိတ်အပန်းဖြေစရာ၊ ကျွန်တော်၏ ထွက်ပေါက်တစ်ခုလို့ပင်ကျွန်တော်မြင်လာသည်။ သို့ပေမယ့် ကျွန်တော် အရက်သမား တော့မဖြစ်သေးပါ။ ဒါပေမယ့် အရက်တော့ သောက်တတ်နေပြီ။
အရက်တွေထဲတွင် ဂျင် နှင့် စပရိုက် ရောစက်ထားသည့် Taste ကိုတော့ ကျွန်တော် တော်တော်နှစ်ချိုက်မိတာတော့ အမှန်ပင်။ ဂျင်သည် အဝင်ကောင်းသည် ၊ ထို့အတွက်ကြောင့် များများသောက်နိုင်သည်။ ထို့နောက်တွင်မူ သူ့အရှိန်နှင့်သူ ဖြည်းဖြည်းလေးတတ်လာသည် ၊ နောက် ကျွန်တော် ကောင်းသွားသည်။ ကောင်းသွားလျှင် ကျွန်တော့် စိတ်တွေ လွတ်လပ်ပေ့ါပါးသွားသလိုပင် ၊ ကျွန်တော် ရယ်ချင်လည်း ဟားတိုက်ရယ်သည် ၊ ငိုချင်လည်း အသေငိုသည် ၊ အော်ချင်ရင်လည်း အသားကုန်အော်ဖို့ ဂျင် ကကျွန်တော့်ကို စွမ်းအားတွေပေးထားသလိုပင် ။ စာဖတ်သူအနေဖြင့် ကျွန်တော်ဘာကြောင့်အရက်သောက်လည်း ဆိုတာကိုတော့ သိချင်ကြမည်ထင်သည်။ လူတွေ ဘာကြောင့် အရက်သောက်ဖြစ်ခြင်း အကြောင်းအရင်း ကျွန်တော်လေ့လာမိသော အချက် (၄) ချက်ရှိသည်။ ဒီအထဲတွင် ကျွန်တော်သောက်ဖြစ်ရ ခြင်း အကြောင်း (၃) ချက်ပါဝင်သည်။
1) ပျော်၍သောက်ခြင်း ၊
2) အသည်းကွဲ၍သောက်ခြင်း ၊
3) စီးပွားရေး လူမှုရေးကိစ္စများ မပြေ၍သော်၎င်းသောက်ခြင်း ၊
4) အကြောင်းအရာတစ်ခုခုကြောင့် စိတ်ဓါတ်ကျ၍သောက်ခြင်း ။
ပထမအချက် (ပျော်၍သောက်ခြင်း)
ကျွန်တော် ပျော်လျှင်အရက်မသောက်တတ်ပါ။ ထိုကြောင့် ထိုအချက်သည် ကျွန်တော်နှင့် လျားလျားမျှ မဆိုင်ပါ။ ဒါပေမဲ့ နောက်ပိုင်း ပျော်လျှင်လည်း ကျွန်တော်သောက်ဖြစ်မည်ထင်သည်။
ဒုတိယအချက် (အသည်းကွဲ၍သောက်ခြင်း)
ယောကျ်ားလေးတော်တော်များများ အသည်းကွဲလျင် အရက်သောက်တတ်ကြသည်။ ကျွန်တော်သည် ပထမ သူတို့ကိုကြည့်ပြီး အမြဲနှာခေါင်းရှုံသည်။ ယောကျ်ားလေးတန်ဖိုးကျအောင် လုပ်သည်ဟု၍ပင်စိတ်ထဲ မှာကျိန်ဆဲမိသေးသည်။ အမှန်ကျွန်တော်ကိုယ်တိုင် အသည်းကွဲသည့်အဖြစ်မျိုး ကြုံလာသောအခါတွင်မူ ကျွန်တော် နှာခေါင်းရှုံခဲ့သောသူများကိုယ်ပင် ကျွန်တော်စာနာမိသည်။ ဒါပေမယ့် ကျွန်တော် အသည်းကွဲသည့် ပုံစံမှာ သူများတွေ ကွဲလေ့ကွဲထဖြစ်တတ်သည့် (Eg : ကောင်မလေးကိုယ့်ကိုပြန်မချစ်၍ အသည်းကွဲခြင်း ၊ ကိုယ့်ရည်းစားကိုယ့် ကိုပြစ်သွား၍ အသည်းကွဲခြင်း) ပုံစံမျိုးတော့မဟုတ်ပေ။ ကျွန်တော်လည်း သူမကို ချစ်ပါသည်။ သူမလည်း ကျွန်တော့်ကိုချစ်ပါသည်။ သို့ပေမယ့် ကျွန်တော် အသည်းကွဲနေပါသည်။
စာဖတ်သူအနေဖြင့် တော်တော် နားရှုပ်သွားပြီထင်သည်။ ကျွန်တော်တို့ နှစ်ယောက်ကြားထဲတွင် မိဘမဟုတ်သော ၊ ညီအကို မောင်နှမ မဟုတ်သော သူငယ်ချင်းမဟုတ်သော လူတစ်ယောက် ၊ သူမ နှလုံးသားထဲဝင်ရောက်လာ ခြင်းကြောင့် ကျွန်တော်အသည်းကွဲခြင်းဖြစ်မညိထင်သည်။ သူတို့နှစ်ယောက် ပက်သက်မှုကို သိနေ၍အသည်းကွဲတာလည်း ဖြစ်နိုင်သည်။ ဒီလူဝင်ရောက်လာသည်နှင့် နဂိုကတည်းက နည်းပါးလှသော ကျွန်တော့်အပေါ်ဦးစားပေးမှုများ ၊ ဂရုစိုက်မှုများသည် ရက်ပိုင်းလေးအတွင်း တိမ်တိုက်များလိုပင် ဘယ်ဆီကိုလွင့်ပြယ်၍သွားသည်လည်း မသိပေ။ ထိုမျှပင်မက ကျွန်တော်သူမ အပေါ် လွန်ကဲစွာ ဂရုစိုက်ခြင်းကို ခံယူတတ်သည့်သူမသည်ပင် ကျွန်တော်၏ ဂရုစိုက်မှုများကို မခံယူချင်တော့ပေ။ ကျွန်တော့်ကို တွေ့လျင်ပင် သူမမျက်နှာတွင် အရိပ်အယောင်တစ်ခု ပြေးသွားစမြဲပင်။ အားနာတာလား ၊ မချစ်တော့တာလား မသိ။ သူမ အနား ကျွန်တော့်ကို မရှိစေချင်တော့သည်က ထင်ရှားလှသည်။ သေချာသည်က ကျွန်တော် သူမနှင့်အတူ ဆောက်မည့် အိမ်မက်လေးကို သူမ ကိုယ်တိုင် ဖြေးဖြေးခြင်း ရိုက်ချိုးနေသည်ကို သူမ မသိ၍ဖြစ်မည်ထင်။ အမြဲ သူမသဘောအတိုင်း ကျွန်တော်လုပ်ပေးခဲ့ခြင်း ၊ ဖြည့်ဆည်းပေးခဲ့ခြင်းသည် နောက်ဆုံးရလဒ် အနေဖြင့် ကျွန်တော် အသည်းကွဲခြင်း အဖြစ်သို့ ရောက်ရသည်လေ။ သူမအပေါ် အရာရာနားလည်ခွင့်လွတ်ပေးနိုင်အောင် ကြိုးစားသော်လည်း ကျွန်တော်၏ အတ္တ ၊ ကျွန်တော်၏ နှလုံးသားက ထိုကိစ္စတွင်တော့ နားလည်ရန်အလွန်ခက်ခဲနေသည်။ ကျွန်တော့်ရင်ထဲဖြစ် နေသည့် ခံစားချက်တွေ တစ်ယောက်ယောက်အပေါ်ဖွင့်ပြောချင်သော်လည်း ၊ ကျွန်တော်အား (သို့) သူမအား အထင်သေးမှာ ပျက်ရယ်ပြုမည့် အဖြစ်အား ကျွန်တော် အဖြစ်မခံနိုင်လိုပေ။
ထိုအတွက်ကြောင့် အရက်သမား တွေပြောနေကြသည့် သစ္စာအရှိဆုံးအရာကို ကျွန်တော်မြည်းစမ်းကြည့်သည်။ အနာ နှင့် ဆေး တွေ့သလိုပင် ၊ ထိုအရက်ဆိုသော အရာသည် ကျွန်တော်၏ စိတ်ကိုတော့ အနည်းငယ် သက်သာရာရစေသည်။ သို့သော် ကျွန်တော် အရက်သမား မဟုတ်သေးပါ။ အရက်တော့ သောက်နေပါပြီ။ အရက်သောက်ဖြစ်ခြင်း၏ ပထမ အချက်မှာ ကျွန်တော် အသည်းကွဲနေ၍ဖြစ်နိုင်ပါသည်။ ထိုကြောင့် ကျွန်တော် အရက် ကိုမကြိုက်ပါ ဒါပေမယ့် အရက်ကတော့ ကျွန်တော့်ကို ကြိုက်နေပြီလားမသိပေ ။
တတိယအချက် (စီးပွားရေး ၊ လူမှုရေးကိစ္စ)
အခု ကျွန်တော်ဆိုလိုမည့် စီးပွားရေး ဆိုသည်မှာ ကျွန်တော်နှင့် သက်ဆိုင်သည့် အလုပ်နယ်ပယ်ကို ဆိုလိုသည် (ကျွန်တော့် ကိုယ်ပိုင်စီးပွား မဟုတ်ပါ)။ မည်သည့် အလုပ်မဆို Pressure အနည်း နှင့် အများတော့ ရှိတတ်ကြသည်။ ထိုသို့ပင် ကျွန်တော်၏ အလုပ်တွင်လည်း ကျွန်တော့် အတွက် Pressure ကြီးကြီးမားမား ရှိသည်။ Pressure ဟုဆိုရာတွင် Actual Pressure နှင့် Unnecessary Pressure ဆိုပြီးရှိသည်။ ကျွန်တော့်တွင် Actual Pressure ထက် Unnecessary Pressure ကပို၍ပင် လူကိုစိတ်ပန်းစေသည်။ ထိုသို့သော အကြောင်းကြောင်းကြောင့် ကိုယ့်အလုပ်ကို emphasize မလုပ်နိုင်ပေ။ ဒါကြောင့် အရက်သောက်ရင်း စဉ်းစားဖြစ်သည်။ အဖြေကတော့ သေချာရေရေရာရာ တော့မရ သေချာသည်ကတော့ ကောင်းသွားသည်ပင်။
စတ္တုတအချက် (စိတ်ဓါတ်ကျ၍သောက်ခြင်း)
လူတိုင်း ပြဿနာတစ်ခုခုနှင့် ကြူံလာသောအခါ မဖြေရှင်းနိုင်တော့လျှင် စိတ်ဓါတ်ကျ တတ်ကြသည်။ ကျွန်တော်လည်း ဒီအတိုင်းပင် ကျွန်တော်၏ မေတ္တာရေး ၊ လူမှုရေး နှင့် အလုပ်အကိုင် ၃ ခုလုံး အဆင်ပြေအောင် မဖြေရှင်းနိုင်သောအခါ လွန်စွာစိတ်ညစ်ပြီး စိတ်ဓါတ်ကျမိသည်မှာ အဆန်းတော့မဟုတ်ပေ။ တိုင်ပင်ဖော်တိုင်ပင်ဖက်သည်လည်း သူ့ကိစ္စနှင့်သူ မအားလပ်သည့်အတွက်ကြောင့် သစ္စာရှိသည့် အရာကိုပင် ကျွန်တော်ပက်သက်၍ မှီဝဲမိသည်မှာ အဆန်းတော့မဟုတ်ပေ။ သို့ပေမယ့် ကျွန်တော် အရက်သမားတော့ မဟုတ်ပါ။ သို့ပေမယ့် အရက်တော့သောက်တတ်နေပါပြီ။ ဒါကြောင့် ကိုသစ္စာရှိ ကြီးကို အားရပါးရ မှီဝှဲလိုက်ဦးမည်။ နောက် ချစ်တဲ့သူ ၊ လုပ်ဖော်ကိုင်ဖက် ကျွန်တော်ရဲ့အဖွဲ့ နှင့်လည်း ကံရှိသလောက်ဆိုတဲ့ စကားကို နှလုံးသွင်းရင်း လက်ကျန်ခွက်ထဲက ဂျင်အနည်းငယ်ကို မော့လိုက်သည်။ မိတ်တွေတို့လည်း ဟုတ်သော်ရှိရှိ အဆုံးထိ လိုက်ဖတ် ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ တကယ်တော့ အဖြေကတော့ ရှင်းပါသည်။ အရက်သမားတို့ မည်သည် အပေါ် (၄) ချက်မကလို့ အချက် (၁၀၀) အကြောင်းပြချက်ပေးပေး ၎င်းတို့ သည် အရေးမကြီးသော သောက်အကြောင်းပြချက်များသာ ဖြစ်သည်။ ဒါကြောင့် ... (သောက်ချင်လို့ကို သောက်သည်) ဟုဖြေပါရစေ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment