Saturday, February 2, 2008

~ ထွက်ပေါက် ~






“အမေသားအိမ်ထောင်ပြုတော့မယ် ... ”

ရုတ်တရတ်အမေ ကြောင်သွားသည် ။

“ဘာ ... ပြောတယ် သား .. ”

“ ဟုတ်တယ် အမေ သားအိမ်ထောင်ပြုတော့မယ် ” 

“ ဘာ ” ..... 

အမေသည် ကျွန်တော့်အား အဓိပ္ပယ်များစွာ ပါသော အကြည့်ဖြင့် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်ရည်များဝိုင်းလာသည် ။ သူမ ဒီကိစ္စကို နားမလည်နိုင်သည်လား ဒါမှမဟုတ် သူအားကိုးမျှော်လင့်ထားသည့် သားဆီမှ ဒီစကားကြားရ၍ လား မသိ ။ တွေတွေ ကြီးစိုက်ကြည့်နေသည် ။ သူမ၏ အကြည့်တွင် အဓိပ္ပယ်မျိုးစုံ ပါဝင်၍ နာကြည်းသည့်အကြည့်များလည်း ပါသလိုထင်ရသည် ။ စကားတစ်လုံးမှမပြောပါ .. တွေတွေကြီးသာ စိုက်ကြည့်နေသည် ။ အမေ့ဆီမှ မျက်ရည်စများ ပါးပြင်မှ ဖြေးဖြေးချင်းလိမ့် ဆင်းလာသည် ။ သူမအကြည့်တွေ က ကျွန်တော်ဆီက မခွာသေး ။ ကျွန်တော် အမေ့ရဲ့ အကြည့်တွေမခံ နိုင်ပါ ။ အမေ့ ထံမှ အကြည့်သည် ကျွန်တော့် အမေကို ကတိစကားထားခဲ့ ဖူးသည်များကို ပြန်သတိရစေသလို ။ အမေ နဲ့ ပြောခဲ့သော စကားအသံများ နားထဲပြန်ကြား ယောင်နေမိသည် ။ 

"အမေ သားကိုတစ်ခုခုပြောလိုက် ပါ .. ဒီလိုကြီးစိုက်ကြည့်မနေပါနဲ့ ။ အမေ တစ်ခုခုပြောလိုက်ပါ"  ကျွန်တော်စိတ်ထဲတွင် အမေ့ဆီ မှ ဆူသံ ဆဲသံ ဖြစ်ဖြစ် ကြားချင်နေမိသည် ။ ဒါပေမယ့် .. အမေ က စကားတစ်လုံးမှ ပြန်မပြော ပါ ကျွန်တော့် ကို တွေတွေ ကြီးစိုက်ကြည့်နေတုန်း ..... မျက်ရည်စများ ဟာလည်း ပါးပြင်ပေါ်မှ တစ်စက်ပြီး တစ်စက် ခုန်ဆင်းလာသည် ။ ကျွန်တော့်ရင်တွေ မခံနိုင်တော့ပါ ။

 မေတ္တာလွန်ဆွဲ ပွဲ တွင် ကျွန်တော့် ချစ်သူ၏ချစ်ခြင်းက အမေ့ ရဲ့ မေတ္တာတွေ အပေါ် ကျော်လွှားနိုင်ခြင်းမရှိသေးလို့လားမသိ ။ ကျွန်တော် ဒီမေတ္တာနှစ်ခု ကြားတွင် ဗျာပါထွေနေရပြီ .. ။ ကျွန်တော် အမေ့ပေါ်ကို ဇွတ်လည်း အ နိုင်မယူလိုပါ ။

အမေ သည် လင်ယောကျ်ား၏ ချစ်ခင်ခြင်းကို မခံရသည့် သူ ။ အမေ၏ အချစ်တွေသည် ကျွန်တော် တို့ပေါ်တွင် လုံးဝမြုပ်နှံထားသည် ။ ကျွန်တော်ဘာလုပ်ရမည်လည်း ။ ထို့နောက် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည် ။ ဆုံးဖြတ်ချက်နှင့် အတူ ကျွန်တော် မျက်ဝန်းထဲမှ လည်း မျက်ရည်ကြည်များ ဖြင့်ပြည့်နှက် လာသည် ။ ကျွန်တော် အမေ့ မျက်နှာကို မရဲတရဲဖြင့် ကြည့်လိုက်သည် ။ အမေကျွန်တော် ကို မမှိတ်မသုန်စိုက်ကြည့်နေတုန်း ။ ကျွန်တော့်ရဲ့ ပါးပြင်ပေါ်မှလည်း မျက်ရည်မိုးများ ပါးပြင်နှစ်ဘက်ပေါ်သို့ ကျစင်းသွားသည် ။


“ သားနားလည်ပါပြီ .. အမေ ” ... ဒီစကား တစ်ခုပြောပြီး ကျွန်တော်အမေ့ဆီမှ ပြေးထွက်ခဲ့သည် ။  

ကျွန်တော့်၏ ခြေလှမ်းများသည် ချစ်သူဆီလား (သို့) အမေ့ဆီကို လား (သို့) နောက်မေတ္တာအရိပ်တွေနှင့် ဝေးရာဆီကိုလား .. 


ခြေလှမ်းများ ယိုင်နဲ့စွာဖြင့် ..............  သို့ ဦးတည်လျက်....... ။



#တစ်ချိန်ကကျွန်တော်

No comments: